သရက်ချောင်း ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးနှင့် သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်မီမီချိုက ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ဧကာဒသမတန်းမှ ကျောင်းသား မောင်သူသူချစ်နှင့် ကျောင်းသူ မထက်ထက်ဇော်တို့က အာဇာနည် (၉)ဦးတို့၏ အထ္တုပတ္တိအကြောင်းနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောရာ ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက အားကစားနည်းများဆိုင်ရာ သိကောင်းစရာ အကြောင်းအရာဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်အတန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ပြီး အားကစားနည်းများဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ပေးအပ်ရာ သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်မီမီချိုက လက်ခံရယူခြင်းနှင့် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်/စာပေများ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများ ကြည့်ရှုလေ့လာခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)