တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်ကြည့်ရှုအားပေး

ထားဝယ် ဇူလိုင် ၁၇

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ စကားရည်လုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်းနှင့် ခွက်နင်းကစားနည်များကို လှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ ကျောင်းသုံး ဗလာစာအုပ်များပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား/သူများ၊ ဆရာ/မများ၊ သင်ကြားသင်ယူမှုတွင် အထောက် အကူဖြစ်စေရန်၊ ကျောင်းသား/သူများသည် စာကြည့်တိုက်မှတဆင့် အမျိုးသားယဉ်ကျေးမှုမြတ်နိုးစေရန်၊ အမျိုးဇာတိမာန်ထက်သန်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်အားကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အခြေခံပညာကျောင်း အမှတ်(၂)မှကျောင်းသား/သူ(၈၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကိုစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲများတွင် ပျော်ပျော်ရွင်ရွင် ပါဝင်ဆင်နွဲကြသည့်ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို ဇူလိုင် ၁၈ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)