စစ်ကိုင်း ဇူလိုင် ၁၇
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေး အလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များတို့ကို ဟောပြောဆွေးနွေး ပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး “အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ”မှ တာဝန်ခံထုတ်ဝေသည့် ဇေယျာရွှေမြေ လက်ကမ်းစာ စောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်များကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်