လေးမျက်နှာ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေတက်မှုနှင့် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်(၇:၃၀) နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများက ခတ္တူအုပ်စု၊ ငှက်ပျောတောကျေးရွာအတွင်း ငဝန်မြစ်ရေကြီးမြင့်လာမှုကြောင့် လူနေအိမ်များ၊ စိုက်ခင်းများ ရေနစ်မှုရှိမရှိအခြေအနေနှင့် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်က လေးမျက်နှာမြို့နယ်အတွင်း ကမ်းပြို၊ ကမ်းစားမှုဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အုပ်ချုပ်ရေးမှူးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)