ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ စားသုံးသူ (သုံးစွဲသူ) ပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီက အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မုံရွာ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက ဒေသတွင်းဆိုလာသုံးစွဲသူမိဘပြည်သူများ ဆိုလာများ ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှံးမှုမရှိစေရေး၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အငြင်းပွားမှုမရှိစေပဲ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေးရည်ရွယ်ပြီး ဆိုလာသုံးစွဲမှု အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုလာရောင်းချသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ စားသုံးသူ (သုံးစွဲသူ) ပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်က ဆိုလာများတွင်ကျယ်စွာ အသုံးပြုလာမှုအခြေအနေများနှင့် သုံးစွဲသူ မိဘပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေအောင် ကာကွယ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးရမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ သုံးစွဲသူပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက အနာဂတ်အတွက် ဆိုလာလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေများ၊ ဆိုလာသုံးစွဲရာတွင် ပေးချေရသောငွေနှင့် သုံးစွဲမှု၊ ဆိုလာသုံးစွဲသူ၏ စိတ်ကူးအိပ်မက် စသည့် အကြောင်းအရာ များအပါအဝင် သုံးစွဲသူပြည်သူများနစ်နာဆုံးရှုံးမှုကိုကာကွယ်နိုင်ရေး အဓိကအကြောင်းအရာ(၆)ချက်ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)