အင်းတော် ဇူလိုင် ၁၇
Drum Seeder (တိုက်ရိုက်မျိုးစေ့ချ ကိရိယာ) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နန့်ခင့်ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ ကွင်းအမှတ် ( ၁၀၃၇ ) တွင် ယနေ့နံနက် ၈ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒေသခံတောင်သူများအနေဖြင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များနှင့် အကျွမ်းတဝင်ရှိလာစေရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို စနစ်တကျအသုံးပြုတတ်လာစေရေး၊ စိုက်ပျိုးရေးစရိတ်များသက်သာပြီး တစ်ဧကအထွက်နှုန်းကောင်းမွန်လာစေရေး၊ တောင်သူများ၏ လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသတွင်း ထွက်ကုန်များ တိုးမြှင့်လာစေရေးတို့အတွက်ရည်ရွယ်၍ ယခုကဲ့သို့ စိုက်ပျိုးနည်းစနစ်များကို သရုပ်ပြပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် နှစ်စဉ် မိုးစပါးကို လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မိုးစပါး ၅၅၉၈၀ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လဝက်အတွင်း မိုးစပါးဧက ၈၀၀၀ ကျော် စိုက်ပျိုးပြီးစီးထားရှိပြီးဖြစ်ပါကြောင်း၊ လျာထားချက်ဧက ပြည့်မီအောင်စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအား လိုအပ်သည့်နည်းပညာနှင့် အထောက်အပံ့များကိုလည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ
မြို့နယ် (ပြန်/ဆက်)