ဒေးဒရဲမြို့၌ ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်နှံ

ဒေးဒရဲ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိတည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (ဟန်းဆက်) အရောင်းဆိုင်လုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာ အရောင်းဆိုင်များအတွင်းရှိ အများပြည်သူများ တွေ့မြင်နိုင်သောနေရာများတွင် ယနေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ လိုက်လံကပ်နှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန့်စင်လှိုင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ တည်းခိုခန်း၊ စာသောက်ဆိုင်၊ လက်ကိုင်ဖုန့်း အရောင်းဆိုင်များ၊ ရွှေနှင့် လက်ဝတ်ရတနာအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စားသုံးသူများသို့ အသိပေးခြင်း ဗီနိုင်းပိုစတာများကို အများပြည်သူ မြင်သာသောနေရာများတွင် လိုက်လံကပ်နှိပ်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများလွတ်ကင်းမှုမရှိစေပဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင့်လင်းမြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန် အခွန်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အခွန်ဦးစီးဌာနက သိရသည်။

အေဇာလင်း (ပြန်/ဆက်)