ပုသိမ် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တေရသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း၌ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပမည့် တေရသမ အကြိမ်မြောက်ဆွမ်းဆန်တော်နှင့်ဆီ ဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရာတွင် ဖွဲ့စည်းပေးထား သည့်ကော်မတီများအလိုက် ပြင်ဆင်ဆောင်ရွက်မှုများကို တင်ပြကြရန်နှင့် ယခင်နှစ်ဆောင်ရွက် ခဲ့မှုများအပေါ်အခြေခံပြီး စနစ်တကျပြင်ဆင်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကော်မတီအသီးသီးများအလိုက် ဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆွမ်းဆက်ကပ်မှုနှင့်ဧည့်ခံကျွေးမွေးမှုများတွင် အစားအစာများသန့်ရှင်းမှုရှိပြီး ကျန်းမာရေးနှင့် ညီညွတ်စေရန် ကြိုတင်စစ်ဆေးပေးရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူက တိုင်းဒေသကြီးကိုယ်စားပြုယှဉ်ပြိုင်မည့် အမျိုးသားဘောလုံးအသင်း စခန်းသွင်း လေ့ကျင့်ခြင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ခဲ့မှုကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ကိုယ်စားပြုအသင်းအနေဖြင့် ခြေစမ်းပွဲနှင့် လေ့ကျင့်ချိန်ပိုမိုရရှိသောကြောင့် အောင်မြင်မှု ရရှိရေး ကြိုးစားယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ အုပ်ချုပ်သူနှင့် နည်းပြတို့အား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေတို့အား ပေးအပ်ခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)