စေတုတ္တရာမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ဆရာ၊ ဆရာမ၊ ကျောင်းသား/ ကျောင်းသူများဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း နှင်းဆီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာစေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစွမ်းထက်ကိုမှ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်နှင့်  အ.ထ.က စေတုတ္တရာကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများအား ကျွန်းပျိုးပင်များ ပေးအပ်ကာ အ.ထ.က‌ စေတုတ္တရာကျောင်းဝန်း၌ ကျွန်းပျိုးပင်(၈၀)ပင် သစ်ပင်စိုက်ပျိုးခဲ့နောက် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များနှင့် အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးသည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို သစ်တောဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခြင်း၊ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းရေးပြခန်းများ ပြသရာတက်ရောက်လာကြသော မြို့နယ်ပညာရေးမှူး၊ အ.ထ.က စေတုတ္တရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)