ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်

ဟားခါး ဇူလိုင် ၁၇

ချင်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၁/၂၀၂၄ ) ကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး  ကော်မတီတွင်ပါဝင်သည့်  ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေး ဆွေးနွေးဆုံးချက် တင်ပြလာသည့်အမှုတွဲများကို ဆွေးနွေးအတည်ပြု ဆုံးဖြတ်ရမည်ဖြစ်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ပြလာသည့်အမှုတွဲအပေါ် မိမိတို့ကဏ္ဍအလိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၊ အတွင်းရေးမှူးကိုယ်စား၊ ပြည်နယ်မြေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးညွှန့်ဝင်းက ဆွေးနွေးဆုံးဖြတ်ရန် တင်ပြလာသည့်အမှုတွဲတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာဌာနနှင့် စိစစ်ရေးကော်မတီအသီးသီး ၏ စိစစ်ဆောင်ရွက်ထားရှိမှုနှင့် ယခင်ပြည်နယ်လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များ ကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းတင်ပြသည်။

ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၊ အတွင်းရေးမှူးကိုယ်စား၊ ပြည်နယ်မြေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ထပ်မံဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)