တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းတံတားအနီး၊ ထားဝယ်မြစ်အတွင်း ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ထို့သို့ ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပူးပေါင်းအဖွဲ့များက မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ရပ်ကွက်၊ကျေးရွာများအတွင်း နေထိုင်သည့် ပြည်သူများအား အသံချဲ့စက်ဖြင့် နှိုးဆော်သတိပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား သရုပ်ပြသခြင်း၊ မုန်တိုင်းနှင့်မုန်တိုင်းဒီရေဘေးအန္တရာယ်ရှိသော နေရာများရှိ ပြည်သူများကို ဘေးအန္တရာယ်ကင်းလွတ်ရာ နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများ ကျိုးကျခြင်း၊ နေအိမ်များပေါ်သို့ သစ်ပင်များ လဲကျခြင်းတို့အား ဖြတ်တောက်ရှင်းလင်းခြင်း၊ လဲကျနေသည့် သစ်ပင်များ၏အောက်တွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ Chain Saw အသုံးပြုဖြတ်တောက်ဖယ်ရှားကယ်ထုတ်ခြင်း၊ မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်သွားသော အဆောက်အဦ၏ အုတ်နံရံအတွင်း ပိတ်မိနေသူများအားရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု၍ကယ်ထုတ်ခြင်း၊ သစ်ပင်လဲကျပိတ်မိနေသော မော်တော်ယာဉ်ပေါ်မှ ပိတ်မိနေသူအား Hydraulic Cutter အသုံးပြု၍ မော်တော်ယာဉ်၏ ပြင်ပသို့ ကယ်ထုတ်ခြင်း၊ ရေကြီးရေလျှံမှုကြောင့် မြစ်အတွင်း စက်လှေတိမ်းမှောက်ကာ ရေနစ်နေသူများနှင့် ရေတွင်မျောပါလာသူများအားကယ်ဆယ် ခြင်း၊ Intelligence Life Buoy အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများ ခွဲခြား၍ ရှေးဦးသူနာ ပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကျန်ရှိ/ပျောက်ဆုံးပြည်သူများ ရှိ/မရှိကို စာရင်းကောက်ယူစိစစ်ဆောင်ရွက်ခြင်း စသည့်တို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ကြသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် မုတ်သုံရာသီတွင် ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် အားအလွန်ကောင်းသော မုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်ပြီး ပင်လယ်ကမ်းရိုးတန်းရှိ ငါးဖမ်းစက်လှေများ၊ ခရီးသွားလာသူများအနေဖြင့် ဘေးအန္တရာယ် ကြုံလာနိုင်ကြောင်း၊ တိုင်းဒေသကြီးသည် မိုးများသောဒေသဖြစ်သည့်အတွက် မြေပြိုမှုများ၊ တာတမံပြိုကျမှုများ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကျွန်းများရှိ ဆောက်လုပ်ထားသော နေအိမ်များ ရေလွှမ်းပြီး ပြိုကျမှုများ ကြုံတွေ့လာနိုင်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မဖြစ်ခင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားနေစဉ်ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး "မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်သူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမွန်မြတ်သောကုသိုလ်ပြုအရေးပေါ်(အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဒေသခံပြည်သူများစုစုပေါင်း (၃၆၆)ဦး ပါဝင်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သတင်းရသည်။

ကျော်ကျော်လတ်