ရွှေတောင် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရွှေတောင်မြို့နယ်၊ ယောဒေါင့်ကျေးရွာ ရွာထိပ်ရှိထန်းလုံးချောင်းတာကျိုးပေါက်မှုအား ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တာကျိုးပေါက်သည့်နေရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒကစမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့် တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) တိုင်းဦးစီးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) မြို့နယ်ဦးစီးမှူး၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၂၅၀) ဦးတို့မှ တာကျိုးပေါက်သည့်နေရာအား အမြန်ဆုံးပြုပြင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မျောတိုင်ရိုက်ခြင်း၊ သဲအိတ်စီခြင်း၊ မြေနီကျောက်စရစ်များ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တာကျိုးပေါက်မှုအား ပြုပြင်ဆောင်ရွက်လျက်ရှိသော နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေများပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)