ဆင်ပေါင်ဝဲ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နေ့လယ် ၁ နာရီအချိန်က ဧကရာဇ်ကျေးရွာအုပ်စုရှိ တောင်သူ (၂၃) ဦးတို့၏ မိုးစပါးစိုက်ဧက (၁၅) ဧကနှင့် အခြားသီးနှံဧက (၁၆၄) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသော ကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့် ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပေးရာတွင် မိုးစပါး စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းတို့ကို ယနေ့အထိ ကျေးရွာအုပ်စု (၁၆) အုပ်စုမှ တောင်သူ (၇၉၆)ဦး၏ မိုးစပါးစိုက်ဧက (၆၅၃) ဧက၊ အခြားသီးနှံဧက (၄၂၀၂) ဧကအတွက် ငွေကျပ် (၅၁၈၁၅၀၀၀၀)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)