လပွတ္တာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

လပွတ္တာ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လပွတ္တာမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက ဦးဆောင် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ပြည့်လင်းမောင်က လူငယ်နှင့်အားကစား၊ မထက်မြက်အောင်က လူငယ်နှင့် စာပေ၊ မောင်ပြည့်လင်းဗိုလ်က လူငယ်နှင့် မူးယစ်ဆေး၊ မောင်‌နောင်မင်းခန့်က လူငယ်နှင့် ကိုယ်ကျင့်တရား၊ မသက်နှင်းဆီက လူငယ်နှင့်စာကြည့်တိုက်စသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

 မူမူ