ပွင့်ဖြူမြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရေး ကြပ်မတ်စစ်ဆေး အသိပညာပေး

ပွင့်ဖြူ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရန်နှင့် ပြည်သူများ စားသုံးဆီအဆင်ပြေစွာ ဝယ်ယူခွင့်ရရှိနိုင်ရန်အတွက် မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးနိုင်ရေး ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုရန်၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချပေးရန်၊ အချိန်အတွယ်မှန်ကန်ရေးနှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသော တရားမဝင်စားသုံးဆီများ ဖြန့်ဖြူးရောင်းချြခင်းများ မပြုလုပ်ကြရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် စားသုံးဆီများရောင်းချရာ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးခြင်း ရှိ/ မရှိ ၊ တရားမဝင် စားသုံးဆီများများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိနှင့် အချိန်အတွယ် မှန်ကန်မှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးကာ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)