လွိုင်ကော် ဇူလိုင် ၁၇
ကယားပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်နှင့်အညီ ပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးခြင်း၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေး စသည့်ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီပြီး သာတူညီမျှရှိသည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ် တစ်ရပ်ဖြစ်လာစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး၊ ပြည်သူလူထု၏ မျှော်မှန်းသက်တမ်းတိုးတက်မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို တိုးမြှင့်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ပြည်သူများကုန်ကျမှုသက်သာစေပြီး အားလုံးလက်လှမ်းမီ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် တာဝန်ရှိသူများနှင့် ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူမှ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအားလည်းကောင်း၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးရဲမိုးဦးမှ သန့်ရှင်းသောအစားအသောက်နှင့် သောက်ရေအကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီး ဝမ်းပျက်ဝမ်းလျှောအကြောင်း သိကောင်းစရာပညာပေး Video Clip နှင့် Chlorine ဆေးခပ်ခြင်းသရုပ်ပြ Video Clip တို့အား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် တာဝန်ရှိသူများက မြို့နယ်ခန်းမသို့သွားရောက်၍ ကယားပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နေရပ်ပြန်ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းအိမ်ယာဝန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအိမ်ရာဝန်းနှင့် သူနာပြုသင်တန်းကျောင်းဝန်းအတွင်း Chlorine ဆေးခပ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းနှင့် Bleaching powder ဖြူးခြင်းစသည့် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ဆေးထိုးစုရပ်များ ဖွင့်လှစ်၍ ရုံးပိတ်ရက်မှအပ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအချိန်အထိကိုဗစ် - ၁၉ ကာကွယ်ဆေး (Pfizer) အား နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)