ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဥ်များ ရှင်းလင်းခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

​ဒေးဒရဲ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများက လုပ်ငန်းအစီအစဥ်များ ချပြရှင်းလင်းခြင်းနှင့် စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေးဒရဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မြို့နယ်တာဝန်ရှိသူများက အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေလွှဲပြောင်းရရှိသည့် ကျေးရွာများ အနေဖြင့် ရန်ပုံငွေများကို အလေအလွင့်မရှိစေပဲ ကျေးရွာဖွံ့ဖြိုးရေးတွင် အကျိုးရှိစွာ အသုံးပြုသွားကြရန် အဖွင့်အမှာပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဒေါ်သီသီအောင်က မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် တင်ဒါအောင်ကုမ္ပဏီများက ဒေသဖွံဖြိုးရေးလုပ်ငန်း တည်ဆောက်ခြင်းအစီအစဥ်များ ချပြရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၈)ရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ(၁)ရွာနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းကျေးရွာ(၁)ရွာ စုစုပေါင်းကျေးရွာ(၁၀)ရွာအား  စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း