မော်လမြိုင်ကျွန်းမြို့နယ်၊ အ.ထ.က(ခွဲ)(ကွမ်းခြံချောင်း)ကျောင်းတွင် လူငယ်များဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကား ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ကွမ်းခြံချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းကျေးရွာ အ.ထ.က(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်အေးမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နုနုအေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့ စကားအတိုင်း နိုင်ငံ‌ရဲ့အနာဂတ်ကိုပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှု စွမ်းရည်ထက်မြတ်လာစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်မျာအ‌နေဖြင့် အသိပညာဗဟုသုတ များရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းစတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် Grad- 11 မှ မောင်အောင်ဇင်ထက် နှင့် မယွန်းကေခိုင်တို့က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မခိုင်သဇင်နှင့် မဆောင်ဟေကိုတို့က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 မှ မစုမြတ်ရွှေစင်နှင့် မအေးသန္တာဦးတို့က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦး‌ဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၉၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)