မြဝတီ ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး အတွေးအခေါ် မှန်ကန်စေရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါကြောင်း၊ ငယ်ရွယ်စဉ်မှစ၍ ဘဝရည်မှန်းချက်များ ထားရှိရမည်ဖြစ်ကြောင်းနှင့် အတွေးအခေါ်မှန်ကန်စွာဖြင့် လူအများရှေ့၌ ရဲဝံ့စွာပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲစတင်ခဲ့ရာ ဒေါ်ကြည်ကြည်ဖြိုးကျော်က ဦးဆောင်၍ Grade-10 ကျောင်းသား၊ကျောင်းသူများဖြစ်သည့် နန်းစီလျားဖောင်အွာက လူငယ်နှင့် စာပေတန်ဖိုး၊ မောင်အောင်မင်းခန့်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တို့ကာကွယ်၊ မဆုပြည့်စံက လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်စို့ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပေးခဲ့ကြပြီး ပါဝင်ဆွေးနွေးသူများဖြစ်သည့် မမိရတနာလှိုင်၊ မခွန်းချိုသာ၊ မောင်မြတ်ထင်လင်းနှင့် အတန်းလိုက် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့စိတ် (မြဝတီ)မှ ရဲအုပ်ချိုမင်းပိုင်နှင့် ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းတို့က အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)