ကန်ကြီးထောင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကန်ကြီးထောင့် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က ကန်ကြီး‌ထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲနိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကြက်ခြေနီအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေယာဉ်အသင်း၊ ရပ်‌/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြပြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရေကြီးနိုင်သည့်နေရာများကို မဖြစ်ခင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ တာတမံများကြံ့ခိုင်မှုရှိစေရေးအတွက် အမြဲစစ်ဆေးဆောင်ရွက်ထားကြရန်၊ ရေကင်းများချပြီး အထက်အဆင့်ဆင့်သို့ သတင်းပေးပို့ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာများအနေဖြင့်လည်း အရေးကြီးစာရွက်စာတမ်းများအား စနစ်တကျထားရှိကြရန်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်စသည်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)