ငါးသိုင်းချောင်းမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

ငါးသိုင်းချောင်း ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်( ၉း၃၀ )အချိန်က ငါးသိုင်းချောင်းမြို့ အ.လ.က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အ.လ.က (ခွဲ)ဗိုလ်ချုပ်လမ်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ကြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်ကလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်မာလာအောင်နှင့်ရေကြည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းပြ ဦးဝေယံထွန်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး အ.လ.က(ခွဲ)ဗိုလ်ချုပ်လမ်းကျောင်း မှ Grade - 6 ကျောင်းသား မောင်သန့်ရှင်းဟန်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-6 ကျောင်းသူမဖြူဖြူချမ်းမြင့်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မသက်မှူးဝေက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မသဲယုလှိုင်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မဖြူသီရိအောင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အ.လ.က(ခွဲ)ဗိုလ်ချုပ်လမ်းကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ( ၂၁၅ ) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)