ကြို့ပင်ကောက် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိကျေးရွာမှ တောင်သူဒေါ်အုန်းမြင့်၏လယ်တွင် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စပါးအထွက်နှုန်းတိုးမြင့်လာစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ယင်းသို့စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုနည်းပါး၍ လုပ်သားအင်အားအသုံးပြုရခြင်းနည်းပါးသောကြောင့် ကုန်ကျစရိတ်သက်သာကြောင်း လယ် ၃ ဧကအား အချိန်အနည်းငယ်ဖြင့် စိုက်ပျိုး၍ပြီးစီးခဲ့ကြောင်း မိုးစပါးစိုက်တောင်သူကပြောသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် မိုးစပါးအား ဆင်းသုခ ၂၃၀၄၂ ဧက၊ ရတနာတိုးစပါးအား ၃၂၂၆၅ ဧက၊ မှော်ဘီ(၃)စပါးအား ၂၅၂၀ ဧက၊ YSR-1 စပါးအား ၁၅၀ ဧကနှင့် ထိုင်းနှံကောက်စပါးအား ၅၃၁၀ ဧက၊ စုစုပေါင်း ၆၃၂၈၇ ဧကစိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လကုန်တွင် လျာထားဧက ၈၆၈၂၅ ဧက စိုက်ပျိုးပြီးစီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးထံမှ သိရသည်။
ဇေယျာထွန်း