ကျိုက်လတ်၌ ဌာနများပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်လတ် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ဇူလိုင်(၁၅)ရက် မွန်းလွဲပိုင်းက ကျုံသိဝကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ဆိုးကျိုးများ၊ လူကုန်ကူးမှုအကြောင်း သိကောင်း စရာများနှင့် စားသုံးသူရေးရာဉီးစီးဌာနမှ တာဝန်ခံ ဦးတင်စိန်က စားသုံးသူအခွင့်အရေး အကြောင်း၊ လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့် ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက် ကုန်များ၏ အန္တရာယ်များအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။

ထို့နောက်အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ “လူငယ်အသိပညာပေးဟောပြောပွဲ”သို့  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

လှိုင်မင်းအောင်