ပုသိမ် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်များအပေါ် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးမောင်မောင်က သဘာဝ ဘေးအန္တရာယ်မကျရောက်မီ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ ခရိုင်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်လာပါက လူနှင့်တိရိစ္ဆာန်များအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းနိုင်ရေး၊ ဆေးဝါး ပစ္စည်းများ၊ စားရေရိက္ခာများ ကြိုတင်စုဆောင်းထားရှိရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီးရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်ဖွဲ့ဝင်များစုဖွဲ့ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေး အတွက် ဆေးကုသရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
လှမင်းထွဋ် (ပြန်/ဆက်)