မုံရွာမြို့နယ်အတွင် ဆောင်းကြက်သွန်နီများ ဧကပြတ်စိုက်ပျိုးကြသည့် နေ့စား အလုပ်သမားများ အဆင်ပြေ

မုံရွာ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ကြက်သွန်နီသီးနှံများကို ဆောင်းသီးနှံများ အဖြစ် စိုက်ပျိုးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လုပ်သားများ ငှားရမ်းစိုက်ပျိုးကြသဖြင့် ဧကပြတ် စိုက်ပျိုးကြသည့် နေ့စား အလုပ်သမားများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီသီးနှံ စိုက်ပျိုးချိန်တွင် အလုပ်သမားများကို ငှားရမ်းလုပ်ကိုင်ကြရာ ယခုနှစ်တွင် ကြက်သွန်နီပျိုးပင်များကို ဧကပြတ် ငှားရမ်းစိုက်ပျိုးကြသဖြင့် နေ့စားလိုက်လံ စိုက်ပျိုး သူများ တစ်ဧကလျှင် စိုက်ပျိုးခ (၂) သိန်းကျပ်ဖြင့် ငှားရမ်း စိုက်ပျိုးကြရကြောင်း ကြက်သွန်နီ စိုက် တောင်သူများထံမှ သိရသည်။

“မနှစ်ကထက်အခုနှစ်မှာ စိုက်ပျိုးခပိုရတဲ့အတွက် အဆင်ပြေကြတယ်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်နေ တာကြောင့် သတိထားပြီးတော့ လုပ်ကြရတယ်၊ စားဝတ်နေရေးအတွက် မဖြစ်မနေ ထွက်ပြီး လုပ်နေရတာကြောင့် သတိပြုလုပ်နေရတယ်၊ တစ်ဧကကို လူ(၁၆)ဦးနဲ့ စိုက်မယ်ဆိုရင် မနက်(၆)နာရီက ညနေ(၅)နာရီလောက်အထိ စိုက်ရတယ်၊ ဧကပြတ်စိုက် တာဆိုတော့ ပိုပြီးစိုက်နိုင်ရင် နေ့ထွက် ပိုပြီးကိုက်တဲ့အတွက် ကြိုးစားစိုက်ကြရတယ် ” ဟု ညောင်ခြေထောက်ကျေးရွာမှ ကြက်သွန်နီကို နေ့စားလိုက်လံစိုက်ပျိုးသူ မငြိမ်းငြိမ်းက ပြောသည်။

စားဖိုချောင်သုံးသီးနှံ ကြက်သွန်နီကို မုံရွာမြို့နယ်မြောက်ဘက်ခြမ်းရှိ ကြီးဗဒုံ၊ ကံမ၊ တောင်ပလူ၊ ကျောက်စစ်ပုံ၊ ကျွဲရဲ၊ သမန်တာ၊ ကော်ရဗျ၊ ညောင်ခြေထောက်၊ ကျီကုန်း၊ အလုံ၊ သပြေတော၊ ဖန်ခါးကျင်းကျေးရွာတို့တွင် လည်းကောင်း မြောက်ဘက်ခြမ်းရှိ မအူ၊ ကြာပိုင်၊ တောပု၊ အောင်သာ၊ မြေနဲ၊ မင်းရွာနှင့် အခြားကျေးရွာ (၃၀)ကျော်တို့တွင်  ကြက်သွန် သီးနှံကို အများဆုံး စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)