သရက်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၆) ကျောင်း ယာယီပိတ်ထား

သရက် ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအထိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာစာသင်ကျောင်း (၆) ကျောင်း ရေဝင်ရောက်ရှိ၍ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းစေရန်အတွက် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာစာသင်ကျောင်း (၆) ကျောင်းမှာ ရေပေါ်ကျွန်း (အလက)၊ အမက (စမ်းအိုင့်)၊ ကြာကန် (အထက်တန်းကျောင်း)၊ အမက (လက်ပံဆိပ်) ပြရေကျေးရွာ (အလက) နှင့် ပိဿလိမ်း (အလက) တို့ဖြစ်ပြီး ယင်းစာသင်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစေရေးအတွက် မြစ်ရေပြန်လည်ကျဆင်းသည့်အထိ ယာယီပိတ်ထားရမည်ဖြစ်ကြောင်းနှင့် ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)