မြောင်းမြ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းတွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့်အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က (လွန်) ဘုရားချောင်း (ရပ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်အုန်းကြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်ကဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇေယျာ (ပြန်/ဆက်)