ကဝ ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(ကဝ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ကဝ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီကဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး Grade-10မှ ကျောင်းသားလေး မောင်ရှိုင်းဝေယံမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ "မမေ့နိုင်ပါအစဉ်အာဇာနည်နေ့ကိုပင်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၁၂)ဦး၊ ကဗျာပြိုင်ပွဲတွင် "သမိုင်းမော်ကွန်းတည် ကိုးဦးဇာနည်" ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၁၉)ဦး၊ မူလတန်းအဆင့် စိတ်ကြိုက်ခဲပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်နေ့နှင့် ပတ်သက်သည့် နံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)