စလင်း ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို အဆိုပါကျောင်းရှိ မိုးလုံလေလုံ အားကစားခန်းမဆောင်နှင့် စာသင်ဆောင်တို့တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာနှင့် ထိတွေ့အသိပညာဗဟုသုတများ တိုးပွားလာစေပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အနာဂတ်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေပြီး လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုနေထိုင်ပြုမူတတ်စေရန် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီများ ရေးဆွဲ၊ ဖြေဆိုပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဖြေဆိုယှဥ်ပြိုင်ရမည့် စည်းကမ်းဖြည့်စွက်ရမည့်ပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အလယ်တန်းအဆင့်ပန်ချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၇)ဦးတို့က အရှေ့ဘက် စာသင်ဆောင်တွင်လည်းကောင်း၊ နံနက်(၉)နာရီမှ(၁၂)နာရီအထိ၊ စာစီစာကုံး၊ ကဗျာ မူလတန်းအဆင့်ပြိုင်ပွဲတွင် အာဇာနည်နေ့ တို့မမေ့ခေါင်းစဥ်ဖြင့် ကဗျာတွင် ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ စာစီစာကုံးတွင် (၆)ဦး၊ အလယ်တန်းအဆင့် ဆယ့်ကိုးဇူလိုင်မမေ့နိုင် ခေါင်းစဥ်ဖြင့် ကဗျာတွင်(၁၄)ဦး၊ စာစီစာကုံးတွင်(၁၈)ဦး၊ အထက်တန်းအဆင့် ယနေ့တိုင်မမေ့အာဇာနည်နေ့ခေါင်းစဥ်ဖြင့် ကဗျာတွင်(၃)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင်(၈)ဦးတို့မှ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲအားလုံးတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၉၁)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)