ကံမမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအား စားသုံးဆီများ ထောက်ပံ့ပေးအပ်

ကံမ ဇူလိုင် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကံမမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် သရက်တပ်နယ်၊ တပ်နယ်မှူးက ပေးပို့လှူဒါန်းသည့် စားသုံးဆီများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၅) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အမှာစကား ပြောကြားပြီးနောက် ကံမမြို့နယ်ရေဘေးသင့် အိမ်ထောင်စုများသို့ သရက်တပ်နယ်၊ တပ်နယ်မှူးက ပေးပို့လှူဒါန်းသည့် စားသုံးဆီပိဿာချိန်(၂၀၀)ပိဿာအား တပ်နယ်မှူးကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးမင်းကျော်နှင့် နယ်မြေခံတပ်မတော်အရာရှိ ဗိုလ်ကြီးထက်ငြိမ်းချမ်းလွင်တို့က လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ကြက်သွန်နီများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး၊ အတွင်းရေးမှူး ရဲမှူးခင်ဝင်းဇော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဦးမြင့်လှိုင်တို့က ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ရေဘေးသင့်အိမ်ထောင်စုဝင်များကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)