မြို့သစ် ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်အမှတ်တံဆိပ်များအား ကျောင်းသား/ကျောင်းသူများ သိရှိနားလည်းသဘောပေါက်စေရန်အတွက် အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို "အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)သို့ ယမန်နေ့နေ့လယ်က သွားရောက်၍ အသိပညာပေးဟောပြောခဲ့သည်။
ထိုသို့ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စားသောက်ကုန်ပစ္စည်းများအကြောင်းကိုလည်းကောင်း၊ FDA က စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်များအကြောင်းနှင့် စားသောက်ကုန်လုပ်ငန်းရှင်များမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးနှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးနှင့် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ရောင်းချခြင်းမပြုရန်တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေးရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၅၀)ကျော် တက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)