မင်းဘူး ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုလ ၁၂ ရက်နေ့မှစတင်ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းဒေသများ၌ မြစ်ရေများဝင်ရောက်လျက်ရှိပြီး ယခုနှစ် ရေကြီးမှုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်ကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများနှင့် ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်ကြရသည့် ရေဘေးသင့်အိမ်ထောင်စုပေါင်း ၁၉၀၀ ကျော်မှ ပြည်သူပေါင်း ၇၇၀၀ ကျော် ရှိသွားပြီဖြစ်ကာ စာသင်ကျောင်းပေါင်း (၉)ကျောင်းလည်း ယာယီပိတ်ထားရကြောင်း၊ ထို့အပြင် မြို့နယ်အတွင်း ဒေသခံတောင်သူများ၏ နွေစပါး ဧက ၁၀၀၊ နွေနှမ်း၊ မိုးစပါး၊ မိုးနှမ်း၊ မိုးပဲတီစိမ်းနှင့် အခြားဟင်းသီးဟင်းရွက် စသည့် သီးနှံစိုက်ခင်း စုစုပေါင်း ဧက ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း၊ ရေဘေးသင့်အိမ်ထောင်စုများကို နေရာဒေသအလိုက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကြိုတင်ပြောင်းရွှေ့ပေးထားပြီး ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ သောက်သုံးရေသန့်၊ ဆေးဝါး၊ ခေါက်ဆွဲခြောက်၊ အိမ်ဆောက်ပစ္စည်းအထောက်အကူပြုပစ္စည်းများရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ရေဘေးရှောင်စခန်းများတွင် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင်လ ၁၆ ရက်နေ့အထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးတစ်လျှောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စုပေါင်း ၁၉၈၆ စုမှ လူဦးရေပေါင်း ၇၇၁၀ ဦးကို မင်းဘူးခရိုင် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇)ရက်စာနှင့် ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းတို့အတွက် စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ ၁၅၃၇၆၄၈၀ ကျပ်သိန်း(ငွေကျပ် ၁၅၃သိန်းကျော်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင်ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် မြေပြင်တိုင်းထွာချက်များအရ ၁၇၉၄ စင်တီမီတာသို့ ရောက်ရှိနေသည့်အတွက် စိုးရိမ်ရေအမှတ်ထက် ၉၄ စင်တီမီတာ ကျော်လွန်ရောက်ရှိနေကြောင်း၊ ယခုလက်ရှိ မြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် မြစ်ရေဝင်ရောက်မှုသည် (၇)နှစ်တာကာလအတွင်း အဆိုးရွာဆုံး မြစ်ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)