အထက်မင်းလှ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း ၊ဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြစ်ရေကြီးမှုဖြစ်ပွားနေခြင်းကြောင့် ကျန်းမာရေးဂရုပြုနေထိုင်ကြရန်၊ ရေဝင်ရောက်၍ ယာယီ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) ပြည်၊ ဆီ (၅၀) ကျပ်သားထောက်ပံ့ပေးနေမှုများ၊ ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးနေမှုများ အားဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ကျော်သန်းက ရေကြီးခြင်းဖြစ်ပေါ်နေစဉ်တွင် မြွေအန္တရာယ်သတိပြုနေထိုင်ရန်အသိပညာပေးဆွေနွေးပြောကြားသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာစန်းစန်းမိုးက မြစ်ရေကြီးနေစဉ်တွင် မသန့်ရှင်းသောရေများ သောက်သုံးခြင်းမပြုရန်၊ ရေကိုကြိုချက်၍သောက်သုံးရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခာများ ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အချိန်မီကုသခြင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးက ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ဆန်ရိက္ခာဖိုးငွေထောက်ပံ့ ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့မရပ်ကွက်၊တောင်ရပ်ကွက်၊ရုံး ရပ်ကွက်တောတောင်ပိုင်းရပ်ကွက်၊ဥယျာဥ်ကျေးရွာ၊ညောင်ပင်သာ(အရှေ့)၊(အနောက်) ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၂၈၃) စုမှ လူဦးရေ(၁၁၁၁) ဦးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင်ဆန်ရိက္ခာဖိုး ကျပ် (၂၁၀၀/) နှုန်းဖြင့် စုစုပေါင်းငွေကျပ် ( ၂၃၃၃၁၀၀/)ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်နီလာဦးနှင့် ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စုများထံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)