ပန်းတနော် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က (ခွဲ)ဒေါဝါးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အ.ထ.က(ခွဲ)ဒေါဝါးကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက စာပေဖတ်ရှုလေ့လာလိုက်စားခြင်း၏ အကျိုးကျေးဇူးများကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အ.ထ.က(ခွဲ)ဒေါဝါးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပြည်သူ့နီတိ၊ လူငယ်နှင့် မူးယစ်ဆေးစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)