ပေါက်ခေါင်း ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)၊ ကျောင်းခန်းမဆောင်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အထက်တန်းပြဆရာမ ဒေါ်အေးအေးသင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ပြိုင်ပွဲများကိုကျင်းပရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မြင့်မြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အာဇာနည်နေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃၂)ဦးနှင့် အထက်တန်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)