လွိုင်ကော် ဇူလိုင် ၁၆
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ရွှေတောင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ရွှေတောင်ပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္တသီလာဝံသ အားသွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး သံဃာတော်များ ဝါတွင်းကာလအတွင်း ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် စာသင်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သာသနာရေးဆိုင်ရာ များလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရွှေတောင် ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများ၊ စေတီပုထိုးများအား မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သာသနိကအဆောက်အဦများ အမြန်ဆုံးပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ရှေးဟောင်းအမွေအနှစ် နှစ်(၁၀၀)ပြည့် မင်္ဂလာဟော်ကြီးပရိယတ္တိစာသင်တိုက် သို့သွားရောက်ကာ မင်္ဂလာဟော်ကြီးကျောင်းဆရာတော် ပြည်နယ်ဩဝါဒစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာ အား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး စာသင်တိုက်အတွင်း ရေ၊ မီးရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများ၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ပြန်လည်သီတင်းသုံးနိုင်ရေးနှင့် သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်သို့သွားရောက်၍ မြို့အင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့များက သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဒေါနိုးကူးရပ်ကွက်နှင့် ရှမ်းစုရပ်ကွက်များသို့သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ပြည်သူများ၏နေအိမ်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားကာ ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပမှု ရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ရပ်မိ၊ ရပ်ဖများနှင့် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့သန့်ရှင်းသာယာလှပရေး စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသော ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ပရိဝုဏ်နှင့် နောင်ယားကန်သာ ပတ်လမ်းတစ်လျှောက် လမ်းဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများ စိတ်ချမ်းမြေ့စွာ လာရောက်အပန်းဖြေနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျစီမံဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူမျာသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ဆောင်ရွက်ခဲ့မှုကြောင့် ပျက်စီးသွားသော နိုင်ငံပိုင်၊ ဌာနပိုင်အဆောက်အအုံများ အားကြည့်ရှုစစ်ဆေးခဲ့ပြီး ရုံးလုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းများ၊ မြို့အင်္ဂါရပ်နှင့် အညီဖြစ်စေရေးအတွက် ဥပဒေနှင့်အညီ စနစ်တကျကြပ်မတ်စစ်ဆေးသွားရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခါ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့မှုများကို ကနဦးစစ်တမ်းကောက်ယူခြင်း၊ ယာဉ်ယန္တရားများနှင့်လူများစုဖွဲ့ခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဦးစားပေး အဆင့်အလိုက် ပြုပြင်မွမ်းမံဆောင်ရွက်မည့် အစီအမံများ ပြုစုတင်ပြနိုင်ရေးနှင့် လတ်တလော အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များအား တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေးအတွက် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်သုံးစွဲရန်မှာကြားလိုကြောင်း၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အလိုက် လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းပြောကြားခဲ့ပြီး ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အသီးသီးမှ ၎င်းတို့ဆောင်ရွက်နေသည့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)