ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့်စိုက်ပျိုးသော မိုးနှမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး "တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာကိုလည်း ဘောင်ကြီးတင်စနစ်ဖြင့် စတင်စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး ယင်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ကြောင်း လက်တွေ့သိမြင်နိုင်ရန် ဒေသခံနှမ်းစိုက်တောင်သူများအား ခေါ်ယူပြသခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ရန်" တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျဉ်းမအိုင်ကျေးရွာအုပ်စု၊ ကျောသာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေပြည်မြေကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော မိုးသီးနှံမတ်ပဲ (TBL-9) စံပြစိုက်ခင်း ဧက(၂၀)နှင့် မိုးမြေပဲ (မကွေး-၁၆) မျိုးသန့်ပွားစိုက်ခင်း ဧက(၁၀၀)စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး "မျိုးပြောင်းလဲခြင်းနှင့် စိုက်နည်းစနစ်ပြောင်းလဲခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိနိုင်မှာဖြစ်၍ မိရိုးဖလာစိုက်နည်းများမှ စနစ်တကျခေတ်မီစိုက်ပျိုးနည်းစနစ်သို့  မဖြစ်မနေ ပြောင်းလဲရမည်ကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ ရာသီဥတုဖောက်ပြန်မှုအား ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးလက်ဒေသများတွင် သစ်ပင်များစိုက်ပျိုးသွားကြရန်နှင့် ရာသီဥတုနှင့်စိုက်ပျိုးမြေပေါ်မူတည်၍ သီးနှံစိုက်ပျိုးမှု အချိန်ဇယား ပြောင်းလဲဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်" တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်မြို့၊ နဝင်းရပ်ကွက်၊ ရွှေတချောင်းလမ်းရှိ ဒေါ်စောသန္တာ၏ (အောင်ပဲခွဲစက်) လည်ပတ်နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ပဲခွဲစက်မှထွက်ရှိလာသည့် ပဲခွံများနှင့် ပဲအမှုန်များအား တိရစ္ဆာန်အစာဖြစ် ထုတ်လုပ်ရောင်းချသွားရန်နှင့် ကုန်ကြမ်းအဆင့် ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အမှုန့်စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အမှုန့်ကြိတ်စက် တွဲဖက်ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)