ကန့်ဘလူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ၃၄၁၆၉ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ဧက ၅၁၅၈၆ လျာထားပြီး မေလက စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ၃၄၁၆၉ ဧကစိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ထိုသို့စိုက်ပျိုးခဲ့ရာတွင် စားသုံးဆီသုံးစွဲမှုဖူလုံစေရန်၊ ဘေးကင်းလုံခြုံသည့်စားသုံးဆီများသုံးစွဲနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနှင့်မိတ်ဖက်ဌာနများနှင့် ဒေသခံတောင်သူများ ပူးပေါင်းပြီး စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးမြေပဲများစိုက်ပျိုးနိုင်ဖို့ ဒေသခံတောင်သူတွေနဲ့ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့ စားသုံးဆီတွေကို သုံးစွဲနိုင်ဖို့နဲ့ ဒေသတွင်း စားသုံးဆီပိုလျှံတဲ့အခါ နိုင်ငံတော်ရဲ့စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့ ဆီထွက်သီးနှံတွေ ဘဏ္ဍာနှစ်အ လိုက်စိုက်ပျိုးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်က ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူများက မြေဆီလွှာပြုပြင်ရေးနည်းစနစ်များ အသိပညာပေးခြင်း၊ မြေပဲမျိုးရွေးချယ်မှု မှန်ကန်စေရန်ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်စေရန် ဆောင်ရွက်ပေးခြင်း၊ ပိုးသတ်ဆေးသုံးစွဲနည်း စနစ်များ မှန်ကန်စေရန် ဆောင်ရွက်ပေးခြင်း၊ အပင်အားဆေးနှင့်ပိုးမွှားအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)