မြန်အောင် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က မြန်အောင်တာမိုင် ၅/၅ ၊ မြန်အောင်တာမိုင် ၆/၃ နှင့် မြန်အောင်မြို့လွန်ဆေးမြိုင် ပန်းခြံအနီး မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု၍ အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်တို့ရှိ ယာယီရေဘေးရှောင်စခန်းတို့မှ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြန်အောင်တာမိုင် ၅/၅ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မြန်အောင်တာမိုင် ၆/၃နှင့် ၆/၄ ကြား မကျီးစုတာ ကမ်းပြိုမှုဖြစ်ပွားမှုမရှိစေရန် သဲအိတ်တာထပ်ဆင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လွန်ဆေးမြိုင် ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပွားခဲ့သောနေရာ၌ ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်ထားရှိ၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကြည်ဆွေနှင့် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့က တာတမံအခြေအနေနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် ယာယီရေဘေးရှောင်စခန်းနေ ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြား၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကနောင်မြို့ ဆုတောင်းပြည့်ဘုရား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)