ပေါင်းတည်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများတွင် ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေး

ပေါင်းတည် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားဌာနခွဲမှ လိုက်လံဆေးဖြန်းပေးလျက်ရှိရာ ယမန်နေ့ ညနေကျောင်းဆင်းပြီးချိန်တွင် မြို့ပေါ်အခြေခံပညာကျောင်းများတွင် ကျောင်းတွင်း၊ ကျောင်းပြင်နေရာများအား ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေးခဲ့ကြကြောင်း သိရသည်။

 မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးဦးကျကာလမှစတင်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်မှုများနှင့်အညီ ကျယ်ပြန့်စွာအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းသန်းချစ်က ထပ်ဆင့်လမ်းညွှန်ကြီးကြပ်၍ ဒေါက်တာကျော်သူရထွန်း(ကျောင်းကျန်းမာရေး)နှင့်အဖွဲ့သည် အခြေခံပညာကျောင်းများတွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ဆင်ခြေထောက်ရောဂါကာကွယ်ရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးအသိမျှဝေခြင်းနှင့်အတူ ကြိုတင်ကာကွယ်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများတွင် ယနေ့အထိ ပြင်းထန်ရောဂါများဖြစ်ပွားခြင်းမရှိပဲ ကျန်းမာစွာပညာသင်ယူလျက်ရှိကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)