မုံရွာ ဇူလိုင် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နိုင်ငံတော်အဆင့်ထူးချွန်ဆုနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးဆုရမြို့နယ်များနှင့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ဂုဏ်ထူးရကျောင်း သား/သူများနှင့် မိဘများတက်ရောက်ကြသည်။
ဦးစွာမုံရွာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြို့တော်သလ္လာဝတီ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား/သူများနှင့်မိဘများ ပညာရေးအပေါ် ပိုမိုစိတ်ဝင်စား၍ ကြိုးစားအတုယူလိုစိတ် ဖြစ်ပေါ်လာစေရန်၊ အရည်အချင်းရှိ နိုင်ငံ့သားကောင်းများအား မိမိတို့တိုင်းဒေသကြီးမှ ယခုထက်များပြားစွာ မွေးထုတ်ပေးနိုင်စေရန် နှင့် ထူးချွန်စွာအောင်မြင်အောင် ကြိုးစားခဲ့သူများအား အသိမှတ်ပြုအားပေးပြီး ပိုမိုထူး ချွန်သူများ ထွက်ပေါ်လာစေရန် ယခုအခမ်းအနားအား ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခုဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအချက်သည် ပညာရေးဖြစ်ပြီး လူတိုင်းလူ တိုင်းပညာတတ်ကာ အတွေးမှန်၊အသိမှန်၊အလုပ်မှန်လျှင် မိမိတို့လူ့အသိုက်အဝန်းသည် သာယာပျော်ရွှင်ဖွယ်ရာ လူနေမှုဘဝများအား ရရှိကြမှာဖြစ်ပါကြောင်း၊ ဂုဏ်ပြုသင့်ဂုဏ်ပြု ထိုက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် ဗုဒ္ဓတရားတော်နှင့်အညီ ပြုလုပ်ခြင်းဖြစ်သကဲ့သို့ အောင်မြင်သူများအတွက်လည်း နောက်တဆင့်အားဆက်လက် တက်လှမ်းရန် ခွန်အားများ ဖြစ်စေပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း ကိုယ်တိုင်အရည်အသွေးရှိအောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ယခုထက်ပိုပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများပေါ်ထွန်းလာအောင် သင်ကြားသွန်သင် ဆုံးမသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ ဦးဝင် ဆုရကျောင်းသူ ၂ ဦးနှင့် ၆ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၅ ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ သူ ၇ ဦးတို့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအဆင့် သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးဆုရရှိကြသော ကျောင်းသား/ သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက တိုင်းဒေသကြီး အဆင့် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးဆုရရှိကြသော ကျောင်းသား/သူ ၃ ဦးနှင့် ၄ ဘာ သာဂုဏ်ထူးရှင် ကျောင်းသား/သူ ၃ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးတို့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ် များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၏ဇနီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၂ ဦးနှင့် ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ရုံးအကြီးအမှူးက ၃ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးတို့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အားအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်/ဒုတိယပါမောက္ခချုပ်များက ၃ ဘာသာဂုဏ်ထူးရှင်များအား လည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ၃ ဘာသာ ဂုဏ်ထူးရှင် ၃ ဦးနှင့် တိုင်းဒေသကြီး အောင်ချက်အကောင်းဆုံးမြို့နယ် ၃ မြို့နယ်အား လည်း ကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီး အောင်ချက်အကောင်းဆုံး အထက်တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်း ကျောင်းခွဲ ၃ ကျောင်းတို့အားလည်းကောင်း ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် မအိမ့်အိမ့်ရွှန်းလဲ့ဝေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ဆီမီးခွက်” အကဖြင့်ဧည့်ခံဖျော်ဖြေမှုနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ များက “လူချွန်လူကောင်း” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ချီးမြင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အဆင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ ဦးဝင် ဆုရကျောင်းသူ ၂ ဦးနှင့် ၆ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၃၅ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀၃ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၈၀ ဦး ရရှိခဲ့ပြီး ဂုဏ်ထူးရရှိသူစုစုပေါင်း ၄၇၉ ဦးရရှိကာ အောင်ချက်ရာခိုင်နှုန်း ၅၅.၆၈ % ရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)