ထားဝယ်မြို့တွင်(၇၇) နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အရုပ်ဆက်နှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ

ထားဝယ် ဇူလိုင် ၁၆

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၇) နှစ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အရုပ်ဆက်နှင့်စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေသန္တာအောင်က ကျောင်းသား/ကျောင်းသူများ မျိုးချစ်စိတ်ဓါတ်နှင့်နိုင်ငံချစ်စိတ်ဓါတ်များ ထက်သန်စေရန်၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိစေရန်အတွက် အသက်ကိုပဓာနမထားပဲ စွန့်လွှတ် အနစ်နာခံခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာကျရောက်မည့်( ၇၇) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ နောင်တစ်ချိန်နိုင်ငံ အကြီးအကဲဖြစ်လာမည့် ကျောင်းသား/ကျောင်းသူအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလို ဇွဲ၊ လုံ့လ၊ ဝိရိယရှိသူ၊ သတ္တိရှိသူများဖြစ်လာအောင်ကြိုးစားကြရမှာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကြောင်းကိုအကျဉ်းချုပ်ရှင်းလင်း ပြောကြားသည်။

ထို့နောက်အခြေခံပညာကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့်ကျောင်းသား/သူများက အာဇာနည်နေ့တို့ မမေ့ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာနားထောင် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ကျောင်းသား/ကျောင်းသူများက အရုပ်ဆက်နှင့်စကားပုံဆက်ပြိုင်ပွဲအား ပျော်ရွင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း  သိရသည်။

ငွေဇင်ယော်(ထားဝယ်)