ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ စက်ချုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဟားခါး ဇူလိုင် ၁၆

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးစီမံကိန်း၊ စက်ချုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ချုပ်သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကမ္ဘာ့ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံများကို လေ့လာကြည့်ပါက ဒေသတွင်း MSME ဟုခေါ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းငယ်လေးများ ဖွံ့ဖြိုးအောင်မြင်ခြင်းကြောင့် စက်မှုလုပ်ငန်းကြီးများ ထူထောင်နိုင်ပြီး ကမ္ဘာ့အလယ်တွင် အင်အားကြီး စက်မှုနိုင်ငံများအဖြစ် ရပ်တည်နိုင်ကြခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံကလည်း အသေးစားစက်မှုလုပ်မှုလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ချင်းပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အသေးစားစက်မှုလက်မှုကုန်ထုတ်လုပ်ငန်း များ ပေါ်ထွက်လာရေးသည် အခြေခံကျသော အချက်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အသက်မွေးဝမ်း ကျောင်း ကာလတိုသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းသည် ချင်းပြည်နယ်အတွင်း တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်စေရန် နှင့် နည်းပညာအကူအညီများရယူပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်လေးများ ဖွံ့ဖြိုးတိုးတက် လာစေရန်တို့အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်များနှင့်အညီ သင်တန်းသားများအားလုံး ကိုယ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်နိုင်ပြီး အောင်မြင်ကြီးပွားတိုးတက်သော ပုဂ္ဂိုလ်များဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းပေးကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ချင်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ၊ သင်တန်းသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအား လိုက်လံနှုတ်ဆက်ပြီး သင်တန်းတွင်သင်ကြားမည့် ပညာရပ်များကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပြီး မိမိပတ်တို့ပတ်ဝန်းကျင်နှင့် အသင်းတော်များ၌ ဆက်လက်သင်ကြားပေးကြစေလိုကြောင်း အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )