ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် အခြေခံပညာစာသင်ကျောင်းအချို့ ခေတ္တယာယီပိတ်ထားလျက်ရှိ

ရွှေတောင် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ အခြေခံပညာစာသင်ကျောင်းအချို့ ခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ပညာသင်နှစ်အတွင်း မြေနိမ့်ပိုင်းနေရာများဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ မူလတန်းကျောင်း(၂၀)ကျောင်း စုစုပေါင်း(၂၇) ကျောင်းတို့တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ အနီးကပ်ကြီးကြပ်၍ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများအား အရေးကြီးစာရွက်စာတမ်းများ၊ ပရိဘောဂများအား ရေလွှတ်ရာနေရာနှင့်အမြင့်သို့ ပြောင်းရွှေ့ထားနိုင်ရေးတို့အား ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျောင်းပေါင်း(၂၇)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူဦးရေ(၂၆၁၈)ဦးနှင့် ဆရာ၊ ဆရာမ(၂၂၇)ဦးတို့အား ခေတ္တယာယီကျောင်းများ ပိတ်ထားကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)