မအူပင်မြို့နယ်၊ ရေလဲလေးကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မအူပင် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကလေးကျေးရွာအုပ်စု၊ ရေလဲကလေးကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မအူပင်ခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာန၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်(၁၀)နာရီက ရေလဲကလေးကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း (A1) ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မအူပင်ခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဦးမှ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရေလဲကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ကိုမှ မိမိတို့ကျေးရွာတွင် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းပါ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသည်။ ၎င်းနောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် လက်တွေ့သင်ကြားပြသမည့် စက်ပစ္စည်းများနှင့် သင်တန်းသားများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား သင်တန်းသား(၁၀)ဦးဖြင့် (၁၅.၇.၂၀၂၄ မှ ၁၃.၈.၂၀၂၄ ထိ) စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသားများရွေးချယ်၍ (၂၁.၈.၂၀၂၄ မှ ၄.၉.၂၀၂၄ ထိ) မွမ်းမံသင်တန်း ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)