ပခုက္ကူ ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၇၀ စင်တီမီတာရှိပြီး ယခင်ရက်များထက် တဖြည်းဖြည်းကျဆင်းလာသော်လည်း ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧရာဝတီမြစ်ရေမှတ် တိုင်းထွာချက်အရ ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် ၂၂၈၀ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်ထက် ၁၃၀ စင်တီမီတာအထိလည်းကောင်း၊ ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၂၂၈၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ထက် ၁၃၂ စင်တီမီတာအထိလည်းကောင်း ကျော်လွန်မြင့်တက်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန်တွင် ၂၂၇၈ စင်တီမီတာသို့လည်ကောင်း၊ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ၂၂၇၆ စင်တီမီတာသို့လည်ကောင်း၊ ညနေ ၆ နာရီခွဲအချိန်တွင် ၂၂၇၅ စင်တီမီတာရှိပြီး ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် ၂၂၇၂ စင်တီမီတာနှင့် မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ၂၂၇၀ စင်တီမီတာသို့ တဖြည်းဖြည်းကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ်ထက် ၁၂၀ စင်တီမီတာအထိ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)