ရေနံချောင်း ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ (၉) ရက်နေ့က စတင်၍ ကျေးရွာအချို့နှင့် မြစ်ကမ်ဘေးတစ်လျှောက်တွင် နေထိုင်ကြသည့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် နေအိမ်များအတွင်း ရေဝင်ရောက်လျက်ရှိရာ ရေဘေးဒုက္ခကြုံတွေ့ နေကြရသည့် ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကူညီပြောင်းရွှေ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က ရေဘေးကြုံတွေ့နေရသည့် မာန်မြေကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စု၊ ဘူးကျွန်းကျေးရွာအုပ်စု၊ ဖောင်းကတောကျေးရွာအုပ်စု၊ ဝက်လွတ်ကျေးရွာအုပ်စုနှင့် မြေနိမ့်ပိုင်းရပ်ကွက်များမှ ပြည်သူများအား ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ ရေဘေးရှောင်စခန်းများသို့ ကူညီပြောင်းရွှေ့ခြင်းကို ဇူလိုင်လ (၉) ရက်နေ့မှ ယနေ့အထိ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌထံက သိရသည်။
ထို့ပြင် ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်