လိပ်သို ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက“ပညာ ဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တာဝန်ခံ ကျောင်းအုပ်ဆရာမ ဒေါ်နော်ဒိုနီးရှာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကျောင်းစာကြည့်တိုက်သည် ကျောင်းသင်ခန်းစာကို အထောက်အကူပြုသလို ပြင်ပဗဟုသုတရှာမှီးရေးအတွက်လည်း အားကိုးအားထားရာ နေရာများဖြစ်ကြောင်း၊ ကျောင်းတိုင်းတွင် မူလတန်းမှစ၍ စာကြည့်တိုက်အသုံးပြုရန် အချိန်သီးခြားပေးပြီး ကျောင်းသားများ၏ စာကြည့်တိုက်အသုံးပြုမှုဓလေ့ကို ပျိုးထောင်ပေးသင့်ပါကြောင်း၊ မူလတန်းမှစ၍ ကျောင်းစာကြည့်တိုက်ကို အသုံးပြုတတ်သော အလေ့အကျင့်ရရှိသွားပါက ဘ၀တစ်သက်တာလုံးစာပေနှင့် မကင်းကွာသော လူတစ်ယောက်ဘ၀ကို ရရှိသွားနိုင်ပါကြောင်း အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များအား ပြောကြားခဲ့သည်။
ထို့နာက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်များသို့ သွားရောက်၍ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိနေမှသာ နောင်အသက်အရွယ်ရလာ သည့်အချိန်တွင် စာဖတ်သည့်အလေ့များ ဖြစ်ထွန်းပေါ်ပေါက် လာမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်များသို့ သွားရောက်ပြီး စာပေဖတ်ရှုခြင်းမှသည် စာကြည့်တိုက်၏ အခန်းကဏ္ဍနှင့် စာကြည့် တိုက်ယဉ်ကျေးမှုသည်လည်း ထွန်းကားပြီးစာဖတ်ရှိန်မြင့်မားခြင်းမှသည် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် မောင်မိုးသက်အောင်က စာဖတ်ခြင်းအနုပညာ ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ဆရာမမှ လက်ခံရယူခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များနှင့် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုတို့ကို အားပေးကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၈၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)