ဒေးဒရဲ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်ကျင်းပသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတနှင့် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရေးအတွက် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များသို့ ကွင်းဆင်း၍ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုတင်သတိထားရှောင်ရှားရမည့် မူးယစ်ဆေးဝါးအန္တရာယ်များကို အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာမ ဒေါ်စန်းစန်းလှက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် သိမှတ်ဖွယ်ရာများနှင့် လိုက်နာဆောင်ရွက်ရမည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများနှင့် ဆရာ၊ ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)