မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့

မင်းဘူး ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်အိမ်ထောင်စုများအတွက် အခြေခံစာသောက်ကုန်များ၊ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ ညနေ ၄ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက် မှန်ကင်းကျောင်းတိုက်ရှိ စိန်ချည်လင်းဓမ္မဗိမာန်၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအတွက် တိုင်ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေဘေးမဖြစ်ပွားမီနှင့် ရေဘေးဖြစ်ပွားချိန်ကာလအတွင်း သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများကို နေရာဒေသအလိုက် ဖွင့်လှစ်၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကာ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပြီး ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၅၉၃)စုမှ လူဦးရေပေါင်း (၂၅၉၄) ဦးအား တိုင်းဒေသအကြီးအစိုးရအဖွဲ့က တစ်ဦးလျှင် ဆန်(၃)ပြည်နှုန်းနှင့် အစားအသောက်၊ ရေသန့်၊ ဆေးဝါးနှင့် ခေါက်ဆွဲခြောက်ထုပ်များအပြင် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေးသင့်အိမ်ထောင်စုပေါင်း (၁၂၀၇)စုမှ၊ လူဦးရေပေါင်း (၄၇၅၀)ဦးအတွက် တာပေါ်လင်(မိုးကာစ) ၃၅ ချပ်အပါအဝင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၁၀၂၅၄၅၈၀ ကျပ်သိန်း (ကျပ်သိန်းပေါင်းတစ်ရာကျော်)၊ ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေးဘေးသင့်ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ယာယီဆေးခန်းများဖွင့်လှစ်၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုနှင့် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ဇူလိုင်လ ၁၅ ရက်နေ့အထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် မြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးတစ်လျှောက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ အိမ်ထောင်စုပေါင်း ၁၃၀၃ စု၊ လူဦးရေပေါင်း ၅၀၂၅ ဦးကို ရေးဘေးလွတ်ကင်းရာ ယာယီကယ်ဆယ်ရေးစခန်းများ၊ ဘုရားကွင်းပြင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းဘောလုံးကွင်းများနှင့် နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ယာယီပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)